လက်ထဲကို ကင်မရာကြီးရောက်လာတော့ အရင့်အရင်က ကိုယ့်ထက်ဝါရင့်တဲ့ သူငယ်ချင်းတွေကို ဟိုမေးဒီမေးလုပ်။ အင်တာနက်ထဲမှာ လက်လှမ်းမီ သလောက်ရှာဖွေကြည့်၊ စာအုပ်စာတမ်းတွေလိုက်ရှာ၊ ကင်မရာနဲ့ ဟိုရိုက် ဒီရိုက်၊ ဟိုချိန် ဒီချိန်လုပ်နေလိုက်တာ အချိန်နည်းနည်းလဲကြာရော နဂိုဗီဇစိတ်အခံအရ သိသလောက် ပြောချင်တဲ့စိတ်ကလေးက ပေါ်လာပါရောဗျာ..။ ဆရာကြီးလုပ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သိသလောက် မပြောရရင် မနေနိုင်တာကတော့ ခက်တယ်ဗျာ။
အခု ကျနော်သိသလောက်လေးပဲပြောမှာဆိုတော့ မှားနေတာတို့၊ လိုအပ်တာတို့ရှိရင် ကျနော့်ထက် အတွေ့အကြုံ၊ ပညာ၊ သဘာ ရှိကြတဲ့ မန်ဘာများက ၀ိုင်းဝန်း တည့်မတ်ပေးကြပါ။ ဓာတ်ပုံပညာနဲ့ပတ်သက်တဲ့ဗဟုသုတ အားလုံးမှာ ကိုယ်စီရှိကြပါတယ်။ ကိုယ်သိထားတာတွေ သူများမသိသေးတာရှိနိုင်သလို သူများသိတာတွေလည်း ကိုယ်မသိသေးတာ အများကြီးရှိနိုင်ပါတယ်။ အားလုံး ၀ိုင်းဝန်းပြီး မျှဝေကြရင် အကောင်းဆုံးပေါ့ဗျာ..။ ကဲ... စတော့မယ်နော်..။
တကယ်တာ့ ဓာတ်ပုံပညာဆိုတာ အနုပညာ(Art) နဲ့ နည်းပညာ (Technology) ကို လှလှပပ ပေါင်းစပ်ထားခြင်းပါပဲ။ ဒီနေ့ခေတ် နည်းပညာဖွံ့ဖြိုးလာတာ နဲ့အမျှ ဒစ်ဂျစ်တယ်ကင်မရာတွေရဲ့ စွမ်းဆောင်ရည်ကလည်း တော်တော်လေးကို ကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် နည်းပညာက ဘယ်လောက်ပဲ ကောင်းနေပါစေ ခံစားမှုစွမ်းအား(အနုပညာ)မပါရင်တော့ ဓာတ်ပုံကောင်းတပုံ ဖန်တီးဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီလိုပဲ အနုပညာအမြင်စွမ်းအင် ဘယ်လောက်ပဲရှိရှိ၊ ထူးခြားဆန်းသစ်တဲ့ အမြင်နဲ့ လှပတဲ့မြင်ကွင်းကိုရိုက်နိုင်သည် ဆိုသော်ငြားလည်း နည်းပညာရဲ့ အကူအညီမပါရင်တော့ ဓာတ်ပုံကောင်းတပုံထွက်လာမှာ မဟုတ်ပါဘူး။ နည်းပညာလို့ဆိုရာမှာ ကိုယ် ကိုင်ထားတဲ့ ကင်မရာရယ်၊ ကင်မရာရဲ့ ဆက်စပ်ပစ္စည်းတွေရယ် ဥပမာ (လန်းစ်၊ ဖလက်ခ်ျရှ်၊ စသဖြင့်ပေါ့..)၊ ဒစ်ဂျစ်တယ်ခေတ်ဖြစ်တဲ့အတွက် စွမ်းရည်အသင့်အတင့်ရှိတဲ့ ကွန်ပျူတာရယ်..၊ အသုံးပြုတဲ့ ဆော့ဖ်ဝဲလ်ရဲ့ကောင်းမွန်မှုတွေရယ်၊ ဓာတ်ပုံအဖြစ် ကူးထုတ်လိုတဲ့အခါမှာ သုံးတဲ့ ပရင်တာ အထိပါဝင် ပါတယ်။
ဓာတ်ပုံကောင်းတွေကိုရိုတ်ကူးနိုင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ဖို့ အရင်ဆုံးအရေးကြီးတာက ကိုယ်ကိုင်ထားတဲ့ ကင်မရာရဲ့အကြောင်းကို သိဖို့ လိုအပ်ပါ တယ်။ ကိုယ်ကိုင်ထားတဲ့ ကင်မရာမှာ ကိုယ်မသိသေးတဲ့ စွမ်းဆောင်ချက်တွေ ရှိနေနိုင်ပါတယ်။ ကိုယ်စိတ်ကူးထားသလောက် အနုပညာဆန်တဲ့ ဓာတ်ပုံကောင်းတွေ ဖန်တီးနိုင်ဖို့ဆိုရင် ပထမ အရေးအကြီးဆုံးက ကိုယ်ကိုင်ထားတဲ့ ကင်မရာရဲ့ Function တွေအကုန်လုံးကို သိထားရပါမယ်။ ဒုတိယအနေနဲ့ Photography ဆိုတဲ့ ဓာတ်ပုံပညာအကြောင်းကိုလည်း လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။
အကြောင်းအရာတခုကို ဓာတ်ပုံကောင်းတပုံအနေဖြင့် ရသမြောက်တင်ပြနိုင်ဖို့အတွက် ကိုယ်ကိုယ်တိုင်က မြင်တတ်မှု၊ ခံစားတတ်မှု၊ ဖန်တီးတတ်မှုနဲ့ အနုပညာခံစားမှုအာရုံတွေရှိဖို့လိုအပ်ပါတယ်။ အဲဒီလိုရှိနေဖို့အတွက် အခြားသူများရိုက်ထားတဲ့ ဓာတ်ပုံတွေကို များများလေံလာပြီး ကိုယ်ကိုယ်တိုင် စမ်းသပ်ရိုက်ကူးလေ့ကျင့်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ ဓာတ်ပုံပညာအရည်အသွေး တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ကိုင်ထားတဲ့ ကင်မရာက ဘယ်လောက်ပဲကောင်းနေပါစေ ကင်မရာကိုင်ထားတဲ့လူရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုကလည်း အရေးပါပါတယ်။ ဓာတ်ပုံဆရာတွေ ပြောလေ့ပြောထရှိတဲ့စကားတခွန်းရှိပါတယ်။ ''ကင်မရာထက် ကင်မရာနောက်က မျက်လုံးက ပဓာနပိုကျပါတယ်'' တဲ့ဗျာ..။ ဒါပေမယ့် ကင်မရာက ကောင်းရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဆိုသလိုပေါ့ဗျာ။
(ဆက်ပါဦးမည်)
- There are no comments yet








